စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာ၌ ပဲတောင့်ရှည်သီးနှံများ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်သည် ဆန်စပါး၊ နှမ်းနှင့် ပဲမျိုးစုံတို့အပြင် စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီးဟင်းရွက်များကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ စလင်းမြို့နယ်၊ ငလင်ပန်းကျေးရွာတွင် ပဲတောင့်ရှည်သီးနှံကို စိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပဲတောင့်ရှည်သီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ဧကရီ ၁၁၁ မျိုးကို စိုက်ပျိုးကြပြီး ပဲတောင့်ရှည်မျိုးစေ့ တစ်ထုပ်လျှင် ငွေကျပ် ၂၀,၀၀၀ ဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် မျိုးစေ့ ၄ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင် စနစ်ဖြင့် အတန်းလိုက် အစေ့ချ၍ စိုက်ပျိုးရပြီး ရက်ပေါင်း ၂၀ အကြာတွင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ ဝါး၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁,၂၀၀,၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းပိဿာ ၂,၀၀၀-၃,၀၀၀ ခန့် ထွက်ရှိကြောင်း၊ အောက်တိုဘာလ၊ တတိယပတ် တွင် ပဲတောင့်ရှည် တစ်ပိဿာလျှင် လက်ကားဈေးငွေကျပ် ၁,၅၀၀-၂,၀၀၀ ဖြင့် ရောင်းချရသည့် အတွက် ငွေကျပ် ၁,၈၀၀,၀၀၀ ခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် စလင်းမြို့ပေါ်ရှိ ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ မိုးရွာသွန်းမှု များပြားပြီး အထွက်နှုန်း အနည်းငယ်လျော့နည်းသော်လည်း ပဲတောင့်ရှည်သီးနှံပေါ်စအချိန်တွင် ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိ၍ တွက်ခြေကိုက်ကြောင်း သိရှိရသည်။
DOCA (မကွေး)