အီးယူသည် သစ်တောပြုန်းတီးမှု ကာကွယ်ရေးဥပဒေကျင့်သုံးမှုကို တနှစ်ရွှေ့ဆိုင်းလိုက်သော်လည်း ဥပဒေကိုမူ ပြင်ဆင်မည်မဟုတ်

အီးယူ၏ သစ်တောပြုန်းတီးမှုကာကွယ်ရေး ဥပဒေကျင့်သုံးမှုအပေါ် အီးယူအဖွဲ့ဝင်နိုင်ငံ ၂၀ ၊ ဘရာဇီး၊ အင်ဒိုနီးရှား စသည့်နိုင်ငံများ၊ ကုမ္ပဏီအချို့တို့မှ မကျေနပ်သဖြင့် ညှိနှိုင်းလျှက်ရှိရာ ဥရောပကော်မရှင်က  ဥပဒေကျင့်သုံးမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်အထိ ၁၂ လ ရွှေ့ဆိုင်းရန်နှင့် ဥပဒေပြင်ဆင်ခြင်းကို မပြုလုပ်ရန် အောက်တိုဘာလက အဆိုပြုခဲ့ပါသည်။

အီးယူဥပဒေပြုအမတ်များက သစ်တောပြုန်းတီးမှု ကာကွယ်ရေးစည်းမျဉ်းကို ရွှေ့ဆိုင်းရုံသာမက စစ်ဆေးမှုများစွာ ဖြေလျော့ထားသော အီးယူနိုင်ငံများအား “စွန့်စားမှုမလို (no risk) ”ခေါင်းစဉ်အောက်၌ ထည့်သွင်းနိုင်မည့် ဥပဒေသစ်တစ်ခု စတင်ရန် မဲခွဲဆုံးဖြတ်ခဲ့ကြသော်လည်း ဥပဒေကို ပြင်ဆင်ခြင်းမပြုရန် အချက်နှင့်သာ အပေးအယူမျှခဲ့ကြပါသည်။

သစ်တောပြုန်းတီးမှုကာကွယ်ရေးစည်းမျဉ်းကို လုပ်ငန်းကြီးများက ၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာ ၃၀ ရက်မှစ၍ လိုက်နာရမည်ဖြစ်ပြီး၊ အသေးစားလုပ်ငန်းများက  နောက်ထပ် ခြောက်လကြာမှ လိုက်နာရမည်  ဖြစ်သည်။ ကော်မရှင်အနေဖြင့်  ရေရှည်တည်တံ့သော သစ်တောစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများရှိသည့် နိုင်ငံများအပေါ် စည်းမျဉ်းလိုအပ်ချက်များ ရှင်းရှင်းလင်းလင်းဖြစ်စေရန် ပြန်လည်စိစစ်သွားမည်ဟု ကတိပြုခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင်မှ အွန်လိုင်းစနစ်အပြည့်အဝလည်ပတ်မှုမရှိခြင်း (သို့မဟုတ်)အနည်းဆုံး ၆ လအလိုတွင် နိုင်ငံအလိုက် အမျိုးအစားခွဲထားမှုအား ထုတ်ပြန်နိုင်ခြင်းမရှိပါက အရေးပေါ်ရပ်တန့်ခြင်း (emergency break) ကို ကျင့်သုံးမည်ဖြစ်သည်။ ဥရောပပါလီမန်တွင် အကြီးဆုံးအုပ်စုဖြစ်သည့် ဥရောပ ပြည်သူ့ပါတီက ယခုကဲ့သို့ ထပ်တိုးအကြောင်းအရာများအား ကြိုဆိုထားပါသည်။

သစ်တောပြုန်းတီးမှုကာကွယ်ရေးစည်းမျဉ်းသည် ဥရောပ၌ ရောင်းချနေသော အမဲသား၊ ပဲပုတ်စေ့၊ သစ်၊ ကိုကိုး၊ ဆီအုန်း၊ ကော်ဖီနှင့် ရော်ဘာ  စသည်တို့၏  ထောက်ပံ့ရေးကွင်းဆက်များတွင် သစ်တောပြုန်းတီးမှု မရှိစေရန်နှင့် အမေဇုန်မှ အရှေ့တောင်အာရှအထိ သစ်တောများ ပျက်စီးခြင်းသည် ဥရောပစားသုံးသူများနှင့် မသက်ဆိုင်ကြောင်း ကာကွယ်နိုင်ရန် ဖြစ်ပါသည်၊၊ 

သစ်တောပြုန်းတီးမှုကာကွယ်ရေးဥပဒေအား ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးအတွက် အထင်ကရ အဖြစ် ကောင်းချီးပေးမှုများရှိသော်လည်း ဘရာဇီး၊ အင်ဒိုနီးရှားကဲ့သို့ ထွန်းသစ်စဈေးကွက်နိုင်ငံများကမူ ကုန်သွယ်မှုအပေါ် အကာအကွယ်ပေးမှုအဖြစ် သတ်မှတ်ကာ ဆင်းရဲနွမ်းပါးသည့် လုပ်ကွက်ငယ် လယ်သမား သန်းပေါင်းများစွာကို EU စျေးကွက်မှ ဖယ်ထုတ်နေကြောင်း ပြောဆိုနေကြပါသည်။

ရင်းမြစ်။        The Economic Times