ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ၅ နိုင်ငံမှ အိန္ဒိယအား ဂျုံနှင့်ဆန်အပေါ် ဈေးကွက်ပေါက်ဈေး အထောက်အပံ့ လွန်စွာပံ့ပိုးနေကြောင်း စွပ်စွဲထား
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်သော အာဂျင်တီးနား၊ သြစတြေးလျ၊ ကနေဒါ၊ ယူကရိန်းနှင့် အမေ ရိကန်တို့သည် အိန္ဒိယအား ဂျုံနှင့်ဆန်အပေါ် ဈေးကွက်ပေါက်ဈေး အထောက်အပံ့ အလွန်အကျွံ ပံ့ပိုးမှု ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို ပျက်ပြားစေခဲ့သည်ဟု စွပ်စွဲထားပါသည်။ ယင်းအပေါ် အိန္ဒိယမှ တာဝန်ရှိသူ တစ်ဦးက တရားဝင်အစည်းအဝေးမှတဆင့် သင့်လျော်စွာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အိန္ဒိယမှ အကြောင်းကြားမှုများ (Notification) အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခု နှစ်အတွင်း အိန္ဒိယ၏ ဆန်ပေါက်ဈေး အထောက်အပံ့သည် စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ ၈၇ % ကျော် ရှိကြောင်း၊ မကြာသေးမီက ပြည်တွင်းထောက်ပံ့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၀.၅ ဘီလီယံကို ထောက် ပံ့ခဲ့ကြောင်းကို လယ်ယာကော်မတီမှတဆင့် အကြောင်းကြားထားကြောင်း၊ အိန္ဒိယနှင့်အတူ အခြားစိတ် ပါဝင်စားသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့နှင့်ဆွေးနွေးနိုင်ကြောင်း အဆိုပါ ၅ နိုင်ငံ ၏ တိုင်ကြားစာတွင် ဖော်ပြထားပါသည်။
အိန္ဒိယသည် စားနပ်ရိက္ခာဖူလုံရေး အများပြည်သူအတွက် ဆန်သိုလှောင်မှုအစီအစဉ်ကို ဆက်လက် ဆောင်ရွက်နိုင်ရေး ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း လယ်သမားများအား ပံ့ပိုးကူညီမှုများ ပိုမိုပေးအပ်နိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ လယ်ယာသဘောတူညီချက်၏ ခြွင်းချက် (Peace Clause) ဖြစ်သော ပုဒ်မ ၁၃ အရ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ခွင့်ပြုပမာဏ (ceiling) အတွင်း အထောက်အပံ့ပေးပိုင်ခွင့်ကို ဧပြီလက တောင်းဆိုခဲ့ပါသည်။ အထောက်အပံ့ပေးရန် ခွင့်ပြုပမာဏမှာ အိန္ဒိယကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စားသောက်ကုန်ထုတ်လုပ်မှု စုစုပေါင်း၏ ၁၀ % ဖြစ်ပါသည်။
အိန္ဒိယက လယ်ယာသဘောတူညီချက်အောက်ရှိ ပြည်တွင်းအထောက်အပံ့ပေးမှုဆိုင်ရာ ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ - ၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယ၏ စုစုပေါင်း ဆန်ထုတ်လုပ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၅၂.၈သန်းရှိခဲ့ပြီး လယ်သမားများအား ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၆.၃၉ သန်း ပေးအပ်ခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အကြောင်းကြားခဲ့သည်။
စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အရ ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှု ကင်းရှင်းရေး ရည်မှန်းချက် ပြည့်မီရမည်ဖြစ်ရာ ကာလရှည်ကြာ ဆိုင်းငံ့နေသော အများပြည်သူအတွက် စားနပ်ရိက္ခာ သိုလှောင်နိုင်မှု အစီအစဉ်ကို အဖြေရှာရန် အိန္ဒိယက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များအား အကြိမ်ကြိမ် တောင်းဆိုခဲ့ပါသည်။
အများပြည်သူအတွက် စားနပ်ရိက္ခာသိုလှောင်နိုင်မှု(Public Stockholding-PSH) အစီအစဉ်ဆိုသည်မှာ အစိုးရက လယ်သမားများထံမှ ဆန်နှင့်ဂျုံကဲ့သို့ ကောက်ပဲသီးနှံများကို အနိမ့်ဆုံးထောက်ပံ့မှုစျေးနှုန်း (Minimum Support Price - MSP) ဖြင့် ၀ယ်ယူကာ ဆင်းရဲနွမ်းပါးသူများအတွက် အစားအစာများကို ဖြန့်ဝေပေးသည့် မူဝါဒတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများသည် ၁၉၈၆-၁၉၈၈ခုနှစ် ရည်ညွှန်းဈေးနှုန်းများကို အခြေခံ၍ ထုတ်လုပ်မှုကုန်ကျစရိတ် စုစုပေါင်း၏ ၁၀ % ကို အထောက်အပံ့ပေး နိုင်ရာ အိန္ဒိယသည် အဆိုပါတွက်ချက်မှုစနစ်ကို ပြင်ဆင်ရန် ကြိုးပမ်းနေပါသည်။
အများပြည်သူအတွက် စားနပ်ရိက္ခာသိုလှောင်နိုင်မှုအစီအစဉ် နှင့်စပ်လျဉ်း၍ ညှိနှိုင်းမှုများဆောင်ရွက်စဉ် ကြားကာလ နည်းလမ်းတစ်ခုအဖြစ် ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့သော ဘာလီဝန်ကြီးများအဆင့် အစည်းအဝေး၌ Peace Clause ဟုခေါ်သည့် စနစ်တစ်ခုကို သဘောတူခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ခွင့်ပြုပမာဏ (ceiling) အတွင်း အထောက်အပံ့ပေးပါက အငြင်းပွားမှုဖြေရှင်းခြင်းစနစ်တွင် တိုင်ကြား၍ မရကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်များက သဘောတူညီခဲ့ကြပါသည်။ စားနပ်ရိက္ခာ သိုလှောင်နိုင်မှု အစီအစဉ်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်အတည် မဖြစ်သရွေ့အဆိုပါ Peace Clause ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ရင်းမြစ်။ The Times of India