စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၆/ ၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၆/ ၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်- ၅၂၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် ဥပဒေဆိုင်ရာ အခြေခံသဘောတရားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ် အသီးသီး၌ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်ဝတ္တရားများကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စနစ်တကျ ကျေပွန်စွာထမ်းဆောင်နိုင်သည့် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဥပဒေကို နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိ နားလည် လိုက်နာမှသာ မိမိတို့လုပ်ကိုင်ဆောင်ရွက်မှုများမှာ ဥပဒေနှင့်အညီ အကျိုးရှိသည့် မှန်ကန်ထိရောက်သော လုပ်ရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် ကြိုးစားလေ့ကျင့် သင်ယူသွားကြရန် ပြောကြားသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ တက်ရောက်ကြပြီး ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းများကို (၅) ကြိမ် ဖွင့်လှစ်ပို့ချ ပေး ခဲ့ပြီး ယခု (၆) ကြိမ်မြောက် သင်တန်းအမှတ်စဉ် (၆/ ၂၀၂၄-၂၀၂၅) အား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းသား/သူ ၅၃ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။