ကမ္ဘာ့ကော်ဖီဈေးနှုန်းမြင့်တက်မှုကြောင့် ဘရာဇီးကော်ဖီစိုက်တောင်သူများမှ လက်ကျန်နည်းပါးသည်အထိ ရောင်းချ

 

ဘရာဇီး၌ ကမ္ဘာ့အဆိုးဆုံး မိုးခေါင်ရေရှားမှုများအပြီး ကမ္ဘာ့ကော်ဖီစျေးနှုန်းသည် ၁၄ လအတွင်း ၂ ဆ နီးပါး စံချိန်တင်မြင့်တက်ခဲ့သည့်အတွက် ဘရာဇီးကော်ဖီစိုက်တောင်သူများက ၎င်းတို့ကော်ဖီများကို ကော်ဖီသီးနှံသစ်မပေါ်မီ ရောင်းချခဲ့ကြကြောင်း၊ ပြီးခဲ့သည့်နှစ်က Starbucks ကော်ဖီတစ်ခွက်လျှင် ၁၆ % ဈေးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၈၅ ဖြစ်ခဲ့ကြောင်း၊ Nespresso coffee-pod တစ်ခုလျှင် ယခင်က အမေရိကန်ဒေါ်လာ ၁.၃ မှ ၁.၄၅ သို့ ဈေးတက်ခဲ့ကြောင်း၊ နှပ်ကော်ဖီအဖြစ် အသုံးပြုသည့် အာရေဗီးကားကော်ဖီစေ့သည် ၂၀၂၄ ခုနှစ်အတွင်း ၇၀ % နှင့် ယခုနှစ်တွင် ၂၀ % ဈေးတက်ခဲ့သဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပေါက်ဈေးအရ တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၄.၃ ရှိခဲ့ကြောင်း၊ အသင့်ဖျော်ကော်ဖီတွင် အသုံးပြုသည့် ရိုဘတ်စတာကော်ဖီသည် ၂၀၂၄ ခုနှစ်အတွင်း ၇၂% ဈေးတက်ခဲ့သဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပေါက်ဈေးအရ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၄၇ ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင်လည်း ထုတ်လုပ်မှုထက် သောက်သုံးမှုပိုမိုမည်ဟု ခန့်မှန်းထားကြောင်း The Financial Express မှ ဖော်ပြထားပါသည်။

ကမ္ဘာ့ကော်ဖီအများဆုံးစိုက်ပျိုးသည့် ဘရာဇီးသည် ၂၀၂၄ ခုနှစ်တွင် ကော်ဖီအများဆုံးတင်ပို့ခဲ့သော်လည်း ရိုဘတ်စတာကော်ဖီ အများဆုံးတင်ပို့သည့် ဗီယက်နမ်သည် ရာသီဥတုဆိုးဝါးမှုကြောင့် ၂၀၂၄ ခုနှစ်တွင် ကော်ဖီတင်ပို့မှုသည် ၂၀၂၃ ခုနှစ်ကထက် ၁၇.၂ % လျော့နည်းခဲ့ကြောင်း၊ ကော်ဖီသီးနှံသစ် မထွက်မီကာလအထိ ယခုကဲ့သို့ ပစ္စည်းပြတ်လပ်မှုမျိုး ဘရာဇီး၌ တစ်ခါမှမကြုံဘူးကြောင်း ကမ္ဘာ့အကြီးဆုံး ကော်ဖီသမအသင်း (Co-op) ဖြစ်သည့် Cooxupe မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

Cooxupe မှ တာဝန်ရှိသူများခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်အတွင်း ဘရာဇီးကော်ဖီစိုက်တောင်သူများသည် ထုတ်လုပ်မှု၏ ၈၈ % ကို ရောင်းချခဲ့ပြီး လက်ကျန် ၈ % သာရှိကြောင်း၊ မေ နှင့် ဇွန်လများ တွင် ကော်ဖီသီးနှံအသစ်များ စတင်ရိတ်သိမ်းနိုင်ပြီး ဇူလိုင်လမကုန်မီအထိ တင်ပို့ရောင်းချနိုင်မည်ဟု မထင်ကြောင်း၊ ကော်ဖီစိုက်တောင်သူတစ်ဦးက ကော်ဖီအကုန်ရောင်းချလိုက်ကြောင်းနှင့် မေလကုန်ခါနီးမှသာ သီးနှံသစ်ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ အခြားကော်ဖီစိုက်တောင်သူတစ်ဦးက ယခုနှစ်တွင် ၎င်း၏ စိုက်ပျိုးမှုမှ အနည်းငယ်သာ ထွက်ရှိမည်ဖြစ်သဖြင့် ကော်ဖီလက်ကျန် ၄၀ % ထိန်းသိမ်းထားကြောင်း၊ အမေရိကန်အကြိုက် အရည်အသွေးမြင့် ကော်ဖီရောင်းချသူများကလည်း ကော်ဖီ တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ ၄.၅၀ ထိ ဈေးနှုန်းရရန် ညှိနှိုင်းလျက်ရှိကြောင်း စသည့် ၂၀၂၅ ခုနှစ်အတွက် ကော်ဖီ ခန့်မှန်းချက်များကို The Financial Express မှ ဖော်ပြထားပါသည်။

 

ရင်းမြစ်။        The Financial Express