၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စားသောက်ကုန်စျေးနှုန်း ၂၀ % တက်လာနိုင်ဟု ကျွမ်းကျင်သူများက သတိပေး

 

၂၀၂၅ ခုနှစ်တွင် ကုန်စည်ဝယ်ယူမှုနှင့် သယ်ယူပို့ဆောင်မှု အခက်အခဲများ ဆက်လက်ဖြစ်ပေါ်နေပါက အစားအသောက်နှင့်အဖျော်ယမကာအပါအဝင် အိမ်သုံးကုန်များ၏ ဈေးနှုန်းသည် ၂၀ % အထိ တက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သည့်အဖွဲ့အစည်းများက သတိပေးပြောကြားခဲ့သည်။ 

ပထဝီနိုင်ငံရေးမတည်ငြိမ်မှု၊ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုနှင့် ဆိုက်ဘာလုံခြုံရေး ပြဿနာများကြောင့် လျှပ်စစ်ပစ္စည်းများ၊ စက်ယန္တရားများ၊ ဓာတုပစ္စည်းများနှင့် ရေနံထွက်ကုန်များ၏ ကုန်ကျစရိတ်သည် မြင့်တက်လာနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအတွက် အစားအသောက်နှင့် အဖျော်ယမကာများအပါအဝင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ပံ့ပိုးပေးခြင်းက ကုန်ကျစရိတ် ၅ ဆ ပိုတက်နိုင်ကြောင်း၊ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် ဇန်နဝါရီလ ၂၀ ရက်နေ့မှစ၍ ၎င်းပြောခဲ့သည့်အတိုင်း အမေရိကန်သို့ဝင်ရောက်လာသော ကုန်စည်များအပေါ် အကောက်ခွန်ကောက်ခံမှုများစတင်ပါက နေ့စဉ်ကုန်ကျစရိတ် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း၊ ဝယ်ယူရေးနှင့်ထောက်ပံ့ရေးသိပ္ပံ (Chartered Institute of Procurement and Supply - CIPS) မှ ပညာရှင်များက ပြောကြားခဲ့သည်။

နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးစရိတ်များ တရိတ်ရိတ်တက်နေမှု၊ အမေရိကန် အရှေ့ဘက်ကမ်းခြေရှိ အလုပ် သမားများ၏ အောက်တိုဘာလက ဆန္ဒပြမှုစသည့် စိန်ခေါ်မှုများကြောင့် ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးအပေါ် အနှောက်အယှက်ဖြစ်စေကာ စားသုံးသူများအတွက် မမျှတသော အကျိုးသက်ရောက်စေခဲ့ကြောင်း၊ အမေရိကန်သမ္မတထရမ့်၏ ကမ္ဘာ့ကုန်စည်များအပေါ် အကောက် ခွန် ၁၀ % နှင့် တရုတ်ကုန်စည်များအပေါ် ၆၀ % တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခဲ့မှုကလည်း အချို့ကုမ္ပဏီများအား ကုန်စည်များကိုဆောလျင်စွာ တင်သွင်းစေဖြစ်ခဲ့ကြောင်း၊ သိုလှောင်ခြင်းကဲ့သို့ ကြိုတင်အစီအမံများသည် ဈေးနှုန်းမြင့်တက်ခြင်း၏ အကျိုးသက်ရောက်မှုကို ယာယီသာ တားဆီးနိုင်မည်ဖြစ်ပြီး အကောက်ခွန်နှုန်းအသစ်များက ကုန်ကျစရိတ်တက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကို အနှောင့်အယှက်ဖြစ်စေခြင်းနှင့် အမေရိကန်ပို့ကုန်များအပေါ် တန်ပြန်မှုဖြစ်စေနိုင်ကြောင်း ကုန်သွယ်ရေးကျွမ်းကျင်သူများက သတိပေးပြောကြားခဲ့ပါသည်။

စက်ယန္တရား၊ ဓာတုပစ္စည်း၊ ကွန်ပျူတာအစိတ်အပိုင်းများနှင့် သတ္တုတွင်းထွက်တို့သည် ၅ % မှ ၂၀% ထိ ဈေးတက်နိုင်ကြောင်း၊ နိုင်ငံရေးတင်းမာမှုများလျော့ချရန်နှင့် ကမ္ဘာ့အဓိကဈေးကွက်များတွင် စားသုံးသူ ယုံကြည်မှု ပြန်လည်ရရှိရန်မှာ အဆိုပါပြဿနာများကိုထိရောက်စွာ ကိုင်တွယ်ရန် လိုအပ်ကြောင်း CIPS ၏ အမှုဆောင်အရာရှိချုပ် Ben Farrell က လေ့လာသုံးသပ်ချက်များအရ ပြောကြားခဲ့သည်။

ရင်းမြစ်။ https://www.theguardian.com/business/